Paul West

Paul West

ဂီတခေါင်းဆောင်

Dulwich College Beijing

Dulwich College Beijing ကိုလာရောက်ရန် သင့်အား မည်သည်တို့မှ ဆွဲဆောင်ခဲ့သနည်း။ သင်ဤနေရာတွင် အချိန်အတော် ကြာရှိလိမ့်မည်ဟု မျှော်လင့် ပါသလား။ သင့် အသက်မွေးဝမ်းကျောင်းကို တိုးတက်စေရန် အတွက် အုပ်စုအတွင်းတွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် စိတ်ဝင်စားပါသလား။

ဤကျောင်းမှ ကျွန်တော့်အား ဆွဲဆောင်နေသည့် အချက်များမှာ နိုင်ငံတကာ ကျောင်းအသိုက်အဝန်းရှိ ၎င်း၏ နာမည်ဂုဏ်သတင်း၊ ဤကျောင်းအကြောင်း စုံစမ်းကြည့်ရှုသောအခါ ဤကျောင်း၏ အနုပညာအပေါ် အလေးပေးမှုစသည့်အချက်များ ဖြစ်ပါသည်။ ကျွန်တော်၏ အသက်မွေးဝမ်းကျောင်းတိုးတက်စေရန်အတွက် အုပ်စုတွင်း ပြောင်းရွှေ့သွားလာရသည်ကို နှစ်သက်ပါသည်။

ကျောင်းရှိ ဆရာဆရာမများကြား လူမှုဆက်ဆံရေးကို သင် မည်သို့ ထင်မြင်ပါသနည်း။ သင်သည် အခြား DCI  ကျောင်းများမှ လုပ်ဖော်ကိုင်ဖက်များနှင့် မည်သို့ ပူးပေါင်းဆောင်ရွက်ပါသနည်း။

Dulwich College Beijing ရှိ လူမှုဆက်ဆံရေးမှာ အကောင်းဆုံးဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်များသည် အချင်းချင်း ရင်းနှီးခင်မင်ကြသလို လုပ်ငန်းပိုင်းဆိုင်ရာအရလည်း ပံ့ပိုးပေးကြပါသည်။ ကျွန်တော်သည် Dulwich ပညာရေး ကွန်ရက်အတွင်းမှ ဂီတဆရာ/မများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အတော်လုပ်ဆောင်ရပါသည်။ ကျွန်တော်တို့သည် ပုံမှန်အားဖြင့် ရင်းမြစ်များ မျှဝေခြင်း၊ Junior ၊ Senior School ဂီတနှင့် အနုပညာပွဲတော်များကဲ့သို့ အဓိက အခမ်းအနားပွဲများအတွက် အတူတကွ ဆောင်ရွက်ကြလျက်ရှိပါသည်။ ကျွန်တော်တို့တွင် နှစ်စဉ်စုံညီ အစည်းဝေးပွဲတစ်ရပ်ရှိပြီး မိသားစုဝင်ကျောင်းများတွင် တူညီသော ကပွဲ အစီအစဉ်တစ်ရပ်လည်း ရှိပါသည်။ ယင်းပွဲတွင် ပါဝင်ဖျော်ဖြေနိုင်မည့် ကျွမ်းကျင်သူများကို ရှာဖွေရန် ကျွန်တော်တို့အနေဖြင့် အတူတကွ လုပ်ကိုင်ကြပါသည်။

ဤကျောင်းရှိ ကျောင်းသားကျောင်းသူများ၏ ပါဝင်ပတ်သက်မှုကို မည်သို့မြင်ပါသနည်း။\

ကျောင်းသားကျောင်းသူများ၏ ပါဝင်ဆောင်ရွက်မှုသည် အလွန်မြင့်မားပြီး ၄င်းတို့၏ အသစ်အဆန်းကို စမ်းသပ်ကြည့်လိုသော ဆန္ဒများကြောင့် ကျွန်တော့်အနေဖြင့် ၄င်းတို့ကို အမြဲ အထင်ကြီးလေးစားမိပါသည်။

သင်သည် ကျောင်းသားကျောင်းသူ မိဘများနှင့် မည်မျှချိတ်ဆက် ဆောင်ရွက်လေ့ ရှိပါသနည်း။

ကျွန်တော်ယူထားသောတာဝန်အရ မိဘများနှင့် အမြဲ တွေ့ဆုံနေရပါသည်။ ကျောင်းသားကျောင်းသူ မိဘအများစုသည် ပံ့ပိုးမှုကောင်းသကဲ့သို့ ၎င်းတို့ ကလေးများအတွက် ကျွန်တော်တို့ ဆောင်ရွက်ပေးနေသည်များကိုလည်း နှစ်သက်သဘောကျပါသည်။

သင်လုပ်ခဲ့ဖူးသော အခြားကျောင်းများနှင့် နှိုင်းယှဉ်ပါက Dulwich ကျောင်းတွင် လုပ်ကိုင်ရခြင်းသည် ကွာခြားမှု တစ်စုံတစ်ရာ ရှိသည်ဟု ထင်ပါသလား။

ကျွန်တော်သည် အလွန်ကောင်းမွန်သော ကျောင်းအများစုတွင် လုပ်ကိုင်ခဲ့ရသည်မှာ အလွန်ကံကောင်းပြီး ၎င်းတို့ကို နှိုင်းယှဉ်မှု မပြုလိုပါ။ ဆရာဆရာမများသည် မိမိတို့၏ ယခင်အတွေ့အကြုံများမှ စိတ်ကူးများနှင့် အောင်မြင်မှုများအား ဤကျောင်းသို့ ယူဆောင်လာပါသည်။ ယင်းမှာ အားမာန်အပြည့်နှင့် တက်ကြွသော အသိုက်အဝန်းတစ်ရပ်ဖြစ် လာစေရန် အထောက်အကူဖြစ်စေပါသည်။ Dulwich College Beijing တွင် ကောင်းကျိုးတစ်ခုရှိသည် ဆိုလျှင် အဖွဲ့ဝင်ကျောင်းများကွန်ရက်၏ အစိတ်အပိုင်း တစ်ခုဖြစ်ရခြင်းပင်။ ယင်းကြောင့် အခြားသူများနှင့် မျှဝေရန်အပြင် ပူးပေါင်းဆောင်ရွက်ရန် အတွက် ကြီးမားသော အခွင့်အလမ်းတစ်ရပ် ရရှိစေပါသည်။ ကမ္ဘာပေါ်ရှိ အကောင်းဆုံးဆိုသော ကျောင်းတစ်ချို့သာလျှင် ယှဉ်ပြိုင်မှု ပြုနိုင်မည့် အရည်အသွေးမြင့် သင်ထောက်ကူ ပစ္စည်းများ ဤကျောင်းတွင်  ရရှိနေခြင်းကြောင့် ကျွန်တော်တို့ ကံကောင်းလှသည်ဟု ဆိုလျှင် အားလုံး သဘောတူကြမည် ထင်ပါသည်။

သင်သည် သင်ရိုးပြင်ပ လှုပ်ရှားဆောင်ရွက်မှုများတွင် မည်သို့ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပါသနည်း။ သင် မည်သည့် သင်ရိုးပြင်ပ လှုပ်ရှားဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သနည်း။

ဂီတ ဆရာဆရာမများအနေဖြင့် ကျွန်တော်တို့သည်  ဆောင်ရွက်ဖွယ်များသော ဖျော်ဖြေတင်ဆက်မှုများ၊ သင်ရိုးပြင်ပ အချိန်ဇယားများအား ပြင်ဆင်ခြင်းဖြင့် အလွန် အလုပ်ရှုပ်မည်ဟု မျှော်လင့်ခဲ့ပါသည်။ သို့သော် ဤကျောင်းမှ အချိန်ပိုများ ခွင့်ပြုပေးခြင်းဖြင့်လည်းကောင်း၊ အချိန်ဇယားအားနားလည်မှုရှိခြင်းဖြင့် လည်းကောင်း အလွန်ပံ့ပိုးမှုရှိသည်ကို တွေ့ရှိခဲ့ရပါသည်။ ကျွန်တော် တာဝန်ယူရသော အဖွဲ့များမှာ Chamber Choir, Symphony Orchestra, Junior School Wind Ensemble နှင့် the Senior School ဂီတပြဇာတ်ထုတ်လုပ်ရေး တို့ဖြစ်ပါသည်။ ကျွန်တော်သည် လိုအပ်ပါက Junior နှင့် Senior School မှ အခြားဂီတ လှုပ်ရှားမှုများကိုလည်း ပံ့ပိုးကူညီပေးလျှက်ရှိပါသည်။ တေးဂီတဖြေဖျော်ပွဲများ၊ ခရီးတိုများပြုလုပ်ရေးအား စီစဉ်ဆောင်ရွက်ပေးရန်အတွက်လည်း တာဝန်ယူလျက်ရှိပါသည်။ ဂီတခေါင်းဆောင်တစ်ဦးဖြစ်သည့် အတွက် လုပ်ဆောင်စရာ များပြားသော ပြဇာတ်ဌာနကိုလည်း ၄င်းတို့၏ အချိန်ဇယား ကဏ္ဍအသီးသီအလိုက်  ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ ကျွန်တော်တို့အနေဖြင့် ဖျော်ဖြေရေးအနုပညာ ဌာနတွင်လည်း အလွန်ကောင်းမွန်သော အသင်းတစ်သင်း ရှိပါသည်။ အချုပ်ဆိုရလျှင် “အလုပ်ပင်ပန်းသော်လည်း ထိုပင်ပန်းမှုနှင့်ထိုက်တန်စွာပင် ကြီးကျယ်ခမ်းနားသည့် ဆုလာဘ်များ ရရှိပါသည်”

သင်သည် ဘေဂျင်းမြို့တွင် နေထိုင်ရသည်ကို မည်သို့ ထင်မြင်ပါ သနည်း။

ကျွန်တော့်ကို ဤနေရာတွင် ရိုးသားခွင့်ပြုပါ။ Beijing တွင် အကောင်းဆုံးအတွေ့အကြုံများကောင်းများ ရရှိသူများဆိုသည်မှာ စွန့်စားလိုစိတ်ရှိသူများပင် ဖြစ်ပါသည်။ တရုတ်ရိုးရာ ယဉ်ကျေးမှု အစဉ်အလာအပြင် နှစ်သက်စရာကောင်းသော စားသောက်မှုပုံစံ၊ လူမှုဆက်ဆံရေး ရသများနှင့် လှုပ်ရှားမှုအမျိုးမျိုးကို တွေ့ကြုံခံစားနိုင်ပါသည်။ တစ်နှစ်ပတ်လုံး၏ နေ့ရက်တိုင်းတွင် မယုံကြည်နိုင်ဖွယ် ကောင်းလှသည့် နိုင်ငံတကာအရည်အသွေးမီ ဂီတဖျော်ဖြေပွဲတစ်ပွဲ ရှိသည်ကို တွေ့ရပါသည်။ ၎င်းမှာ အော်ပရာပြဇာတ်များ၊ သံစုံတီးဝိုင်းများ၊ ပြည်တွင်း ဂီတအဖွဲ့ သို့မဟုတ် ကမ္ဘာကျော်တီးဝိုင်းများမှ လာရောက်ဖျော်ဖြေခြင်းပင် ဖြစ်ပါသည်။ အလွန်ကောင်းမွန်သော ဂျက်ဇ်ဂီတလပ်၊ သက်ဝင်လှုပ်ရှားနေသော ဂီတရိပ်မြုံများနှင့် နောက်ထပ် အမြောက်အမြား ရှိပါသေးသည်။ လာရောက်ကြသော မိတ်ဆွေများနှင့် မိသားစုများအနေဖြင့် ဤနေရာတွင် နေထိုင်ရသည်ကို နှစ်သက်ကြပါသည်။

တရုတ်နိုင်ငံတွင် အရာရာကို ကိုယ်ပိုင်နည်း၊ ကိုယ်ပိုင်ဟန်ဖြင့် လုပ်ဆောင်တတ်သည့် သဘောရှိသောကြောင့် စည်းမျဉ်း၊ ထုံးတမ်းများမှာ အနည်းငယ် အသိပေးပြီးမှ ပြောင်းလဲမှု ရှိနိုင် သကဲ့သို့ လုံးဝ အသိပေးခြင်းမရှိဘဲလျက်လည်း ပြောင်းလဲနိုင်ပါသည်။ ထို့ကြောင့် သင်သည် လိုက်လျောညီထွေရှိရမည် ဖြစ်ပြီး သင့်တွင် ဟာသဥာဏ်ရှိထားပါက အချိန်တိုင်းတွင် အထောက်အကူပြုနေမည်ဖြစ်သည်။ သို့သော်လည်း ယင်းသည် ကျွန်တော်နေထိုင်ခဲ့ပြီး အလုပ်လုပ်ခဲ့ဖူးသော အခြားနိုင်ငံများနှင့် ကွဲပြားခြားနားခြင်း မရှိပါ။ သင် ဘေဂျင်းမြို့အကြောင်း လေးလေးနက်နက် နားလည်သွားပါက ဘေဂျင်းမြို့သည် ချက်ချင်းပင် အံ့အားသင့်ရလောက်အောင် ကောင်းမွန်သော မြို့တစ်မြို့ဖြစ်သကဲ့သို့ ပျော်မြူးစရာကောင်းပြီး မယုံကြည်နိုင်လောက်သည့် မြို့တစ်မြို့ ဖြစ်ကြောင်း ခံစားရမည် ဖြစ်ပါသည်။

တချို့ရက်များတွင် ရှူရှိုက်သော လေ၏ အရည်အသွေးမှာ အနည်းငယ် အကန့်အသတ်ရှိနိုင်သည်ဆိုသည်မှာ မှန်ပါသည်။ ထိုနေ့များတွင် သင်သည် အပြေးလေ့ကျင့်နိုင်မည် မဟုတ်ပါ။ သို့သော် ကျွန်တော်သည် မည်သည့်နေ့တွင်မျှ အပြေးလေ့ကျင့်လေ့မရှိရာ ယင်းသည် ကျွန်တော့်အတွက် ပြဿနာတစ်ရပ် မဟုတ်ပါ။ ဘေဂျင်းသည် အခြားတရုတ်နိုင်ငံ၏ မြို့ကြီးများကဲ့သို့ လေထုညစ်ညမ်းမှုအဆင့် အနိမ့်ဆုံးမှ အသင့်အတင့် အဆင့်တွင်သာ အမြဲရှိနေမည် မဟုတ်ဟု ထင်ရပါသည်။ တခါတရံ အလွန်ဆိုးရွား၍ ရာသီဥတု ကြည်လင်မှုမရှိသော နေ့ရက်အနည်းငယ် ကြုံရပြီးနောက် ကြည်လင်လှပသော ကောင်းကင်ပြာနှင့် တောက်ပသော နေရောင်ခြည်ရရှိသည့် နေ့ရက်များဆက်တိုက် ဖြစ်ပေါ်တတ်ပါသည်။ သင်သည် အကောင်းမြင်တတ်သူတစ်ဦးဖြစ်ပါက ဤအံ့အား သင့်ဖွယ် သာယာလှပသော နေ့ရက်များကို အလေးထားမည်ဖြစ်ပါသည်။။ သာယာသော နေ့ရက်များမှာ မသာယာသော  နေ့ရက်များထက် ပို၍ အတွေ့ရများပါသည်။